Ethical Consideration

|

(Ethical Consideration) ဒီစာသားလေးကို ကြိုက်လို့ ယူသုံးလိုက်ပြီဗျာ…. မြန်မာလိုပြန်ဖို့ စကားလုံးရှာတာ မပြန်တတ် တော့လို့ သူ့အတိုင်းလေး တန်းဖိုးရှိရှိထား လိုက်ပါရစေ…. ကျွန်တော်တို့တွေ နေ့စဉ်လိုအပ် မှူ့တွေကို ဖြည့်ဆည်းဖို့ အဖိုးစားနားတွေ ပေးချေကြရတယ်.. တန်လို့ ပေးလိုက်ရတာ ရှိသလို မတန်ဘဲ ပေးလိုက်ရတာတွေလည်း ရှိပါတယ်… အဲဒီလို အဖိုးစားနားပေါင်း မြောက်များစွာထဲကမှ ကိုယ်ကျင့်သိက္ခာနဲ့ ရင်းပြီးမှ ပေးလိုက်ရတဲ့ အဖိုးစားနားကတော့ တန်ဖိုးတကာ့ တန်ဖိုးတွေထဲမှာ အကြီးမားဆုံး ပေးဆပ်ရခြင်းပါပဲ…

ကျွန်တော် မဂ္ဂဇင်းတွေ မဖတ်ဖြစ်တာ လတော်တော်ကြာပါပြီ…. ခုလည်း ဆရာမရွှေစင်ဦး ပြန်တင်ပေးလိုက်တဲ့ မင်းအုပ်စိုးရေးတဲ့ ဆောင်းပါးကြောင့် ကျွန်တော့်လက်တွေ ကီးဘုတ်ပေါ် ပြန်ရောက်လာရပြန်ပါပြီ… တော်တော်များများလည်း သိကြပြီးဖြစ်မှာပါ… ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ ပြေတီဦး ဖောင်ဒေးရှင်းအလှူ အကြောင်းပါ… ပထမဆုံး လှိုက်လှိုက် လှဲလှဲ သာဓုခေါ်လိုက်ပါတယ်….


ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကျောင်းထဲမှာ အတန်းထဲမှာ စာတွေကျက်ကြ၊ သူ့ထက်ငါ အပြိုင်အဆိုင် အမှတ်တွေပိုရအောင် ကြိုးစားကြတာ တွေဟာ အချည်းနှီးအတွက် မဟုတ်ပါဘူး.. ကျွန်တော်တို့တစ်တွေ ရဲ့ရင်ထဲမှာ သူများထက်သာမှ ငါသူများရဲ့ အနှိမ်ခံ မျက်လုံးတွေအောက်က လွတ်မယ်လို့ တစ်ထစ်ချယုံကြည် ကြလို့ပါပဲ… ဆုလေးများ ရကြည့် ပါလားဗျာ… မျက်နှာလေးတွေ မော့ကာ မော့ကာနဲ့ ကျောင်းဆင်းချိန်တောင် မစောင့်နိုင်အောင် အိမ်ပြန်ကြွားချင်တတ် ကြတာလေ… ဂုဏ်ယူတတ်ခြင်းမှာ ဆင်းရဲခြင်း၊ ချမ်းသာခြင်းနဲ့ မသက်ဆိုင်ပါဘူး.. ချမ်းသာတဲ့ ကလေးတွေမှာ ချမ်းသာခြင်းကြောင့် ကြွားဝါ တာဟာ ကိုယ်ပိုင်အရည်အချင်း မပါပေမယ့် ဆင်းရဲတဲ့ ကလေးတွေ ကြွားဝါခြင်းမှာ သူများထက်သာမယ့် အရာတစ်ခုခုကို လုပ်ပြပြီး ဂုဏ်ယူကြရရှာတာပါ… ဘယ်လိုကလေး မျိုးကိုပဲဖြစ်ဖြစ် အားနည်းချက်ကြောင့် ထိုးနှက်ခံရတာမျိုး ကိုအရမ်းနာကျင်ခံစား တတ်ကြပါတယ်… နှစ်ယောက်ချင်းတွေ့တဲ့ အချိန် ဆဲချင်ဆဲ လက်သီးနဲ့ ထိုးချင်ထိုး လုပ်ပါစေ.. အဲဒီကလေး ပြန်လုပ်ချင်မှလုပ်ပါလိမ့်မယ်.. ခံစားရချင်မှလည်း ခံစားရပါလိမ့်မယ်.. အားနည်းချက်ကို လူအများရှေ့မှာ ဖွင့်ချခံလိုက်ရရင်တော့ ရှက်စိတ်တစ်ခုကို ခံစားရမှာ သေချာပါတယ်.. ကျွန်တော်ကိုယ်တိုင်လည်း ငယ်စဉ်ကလေးဘ၀က အဲဒီလိုခံစားချက်မျိုး နည်းတူခံစားခဲ့ဖူးပါတယ်… နောက်ပြီး ကျွန်တော်တို့အားလုံး ကလေးဘ၀ကို ဖြတ်သန်းဖူးသူချည်း ပါပဲ.. လူအားလုံးနဲ့ ယှဉ်လိုက်ရင် ကိုယ်ချည်းအသာ ဖြစ်လိုကြတာ လူသားတိုင်းရဲ့ အရိုးသားဆုံး ဆန္ဒတွေပါ….

ကျွန်တော်ရှေ့မှာ လူတွေ၊ ဘုန်းကြီးတွေ၊ မယ်သီလရှင်တွေ၊ ဖောင်ဒေးရှင်းတွေ၊ အဖွဲ့အစည်းတွေ လှူကြတယ်.. အများကြီးပါပဲ… တစ်သီပုဂ္ဂလလှူ ကြတာတွေလည်း ရှိပါတယ်.. လှူကြတဲ့ ပုံစံအမျိုးမျိုး၊ နည်းအမျိုးမျိုး ရှိကြသလို အလှူရှင်တွေရဲ့ စိတ်တွေလည်း အမျိုးမျိုး ရှိကြပါတယ်…

ပြေတီဦးဖောင်ဒေးရှင်း မှာဆိုရင် သူတို့ ငွေကြေးတတ်နိုင်တယ်… ရံပုံငွေတွေ အများကြီးရတယ်.. သူတို့လှူချင်သပဆိုရင် သေချာစစ်တမ်းကောက် ပြီးသားကျောင်းသား တွေကို သူတို့လှူမယ့် ငွေကြေးပမာဏကို နေရာလေးတစ်ခု.. နောက်ဆုံး အိမ်တိုင်ယာရောက် သွားလှူမယ်ဆိုရင်တောင် ရပါတယ်…. ဒါပေမယ့် ဒီလိုပွဲကြီး လုပ်ပြီး လှူတယ်ဆိုတော့ ဂုဏ်သရေရှိလှပါတယ်လို့ ကြွေးကြော်ကြသူ လူကြီးမင်းအပေါင်းကို ကျွေးမွေးစရိတ်.. (လူငယ်တွေကို ဖြစ်သလိုကျွေးလို့ ဖြစ်နိုင်ပေမယ့် သူတို့ပါလာတာနဲ့ ဟင်းပွဲတွေကို အထူးစီစဉ်ရတော့တာပါ)၊ ပွဲနေရာစီစဉ်ရမှာတွေ၊ စာနယ်ဇင်းဖိတ်ရမှာတွေ… အစုံအစုံသော များမြောင်လှတဲ့ ကိစ္စတွေနဲ့တင် စရိတ်ကတော်တော် ထောင်းနေပါပြီ… အဲဒီကုန်ကျစရိတ်တွေနဲ့ တွက်မယ်ဆိုရင်တောင် သီးခြားရည်ရွယ်ချက်နဲ့ ဖောင်ဒေးရှင်း လုပ်လိုက်လို့ရနေပါပြီ…

ဗုဒ္ဒဘာသာမှာ စိတ်သာရှင်စော၊ ဘုရားဟောလို့ အဆိုရှိခဲ့ပါတယ်… ကျွန်တော်တို့တွေရဲ့ သဏ္ဍာန်မှာ စေတနာသုံးတန် တည်အောင် ထားနိုင်ရင် အကျိုးကြီးတယ် လို့ပါပါတယ်.. ကလေးတွေအလှူအတွက် ဂုဏ်သရေရှိသည်ဟု ကြွေးကြော်ထားကြသော လူကြီးမင်းများကို ကျွေးပွဲမွေးပွဲလုပ်ပြီး ကလေးတွေကိုတော့ အဖျားအနားလောက်သာ ပေးတယ်ကမ်း တယ်ဆိုရင် မယောင်ရာ ဆီလိမ်းတယ်လို့သာ သတ်မှတ်လို့ရပါတယ်..

နောက်ပြီးဖောင်ဒေးရှင်းကို လှူကြပြီဆိုရင် ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်ကို ကြည့်လှူကြတာ များပါတယ်… ပြေတီဦးဖောင်ဒေးရှင်းမှာတော့ ဂုဏ်သရေရှိ လူကြီးလူကောင်းများ ကိုကျွေးရန် မွေးရန်ဆိုပြီး ရည်ရွယ်ချက်မှာ ထည့်ပြောပြီး အလှူခံမယ်မထင်ပါ… စကားပုံအရဆို (သူကြီးဘုရား၊ ရွာသားကောင်းမှူ့) ဆိုတဲ့အတိုင်း အလှူရှင်တွေလှူတဲ့ ရန်ပုံငွေတွေကို သုံးပြီး ပါးဖြဲနားဖြဲစားမယ့် လူတွေကို အလှူလက်ဖက်နဲ့ မျက်နှာလုပ်စရာမလိုပါ.. ရန်ပုံငွေထဲက လှူရမယ့် အပိုင်းမှန်သမျှကို စိတ်ပိုင်းပြတ်စွာနဲ့ ယတိပြတ် ကျောင်းသား တစ်ယောက်ဘယ်လောက် ဆိုပြီး ပေးမယ်ဆိုလည်း အဖွဲ့အစည်းရှေ့မှာတင် ပြတ်သားစွာ ပေးလိုက်လည်း ရတာပါပဲ…. အပိုကုန်ကျစရိတ်၊ ပွဲလုပ်စရိတ် သိန်းပေါင်းများစွာ သက်သာရင် ကျောင်းသားဦးရေ တိုးပြီး လှူလို့ တန်းလို့မရဘူးလား.. စဉ်းစားစရာပါ…..

ဦးမြတ်ခိုင်ဆိုတာ ကျွန်တော် အရင်က လေးစားခဲ့ရတဲ့ မီဒီယာသမားကြီးတွေပါ… သူတို့တွေမှာလည်း ကိုယ်ကျင့်သိက္ခာနဲ့တန်တဲ့ အဖိုးစားနားဆိုတာ ရှိပါတယ်.. ဒီအချိန်မှာ ဦးမြတ်ခိုင်တစ်ယောက် အရေးတကြီးငွေလိုအပ်လို့ တခြားသူဌေးတစ်ယောက် ယောက်ဆီမှာ အကူအညီသွား တောင်းမယ်ဆိုရင် အဲဒီသူဌေးက အသက်ရှစ်ဆယ် လောက်ဖြစ်နေပြီး ဂါရ၀တရားနဲ့ မဟုတ်ပဲ ကူညီလိုက်လို့ ပွဲတစ်ခုစီစဉ်ပြီး ကန်တော့ရမယ်၊ အဲဒီကန်တော့တဲ့ပုံတွေကို ဂျာနယ်မှာ ပုံတွေနဲ့တကွဖော်ပြ လိုက်မယ်ဆိုရင် ဘယ်လိုခံစားရမယ်ဆိုတာ ကိုယ်တိုင် ၀င်ပြီး ခံစားကြည့်ကြပါ။ အဲလိုအခြေအနေမျိုးမှာ ဦးမြတ်ခိုင်က ကိုယ်ကျင့်သိက္ခာကို ဘယ်လို အဖိုးစားနားမျိုးနဲ့ လဲမှာလည်း…

ကျွန်တော်တို့မြန်မာ လူမျိုးတွေရဲ့ စိတ်ထဲမှာ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်စိတ် အမြဲရှိကြပါတယ်… လူမသိနိုင်တဲ့နေရာမှာ ကျောင်းသားတွေက ကန်တော့ပါဦးမယ်ဆိုရင် တောင် လက်ခံသင့်တဲ့ အနေအထားပါ… လက်အုပ်ကြွေးဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်.. ရဟန်းဝတ်ထားတဲ့ သံဃာတွေတောင် ကန်တော့ခံထိုက်တဲ့ အရည်အချင်း မရှိဘဲ ကန်တော့ခံရင် လက်အုပ်ကြွေး တင်ပါတယ်တဲ့…. အခုကန်တော့ခံတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ကရော ဘယ်လောက်များ ကန်တော့ခံထိုက်ကြတဲ့ သူတွေမို့ပါလဲ…. အရေးကြီးတာ ကန်တော့လိုက်မှ ကုသိုလ်ရတာမဟုတ်ပါဘူး… ကျောင်းသားတွေ စိတ်ထဲက တစ်သက်တာ ကျေးဇူးတင်နေကြရင်လည်း သူတို့တွေအတွက် အရမ်းတန်ဖိုးရှိပါတယ်. ..

ဆရာဝန်လောင်းဖြစ်စေ ဆရာဝန်ဖြစ်စေ ပရော်ဖက်ရှင်နယ် လိုင်းကို ၀င်ကြမယ့်သူတွေမှာ မာန်ဆိုတာ ရှိပါတယ်… သူတို့တွေလည်း ဦးနှောက်ဥာဏ်ရင့်သန် ကြလို့ ဒီလိုအခြေအနေကို ရောက်လာကြတာပါ… ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်တတ်ကြပါတယ်.. သူတို့တစ်တွေကို လူလယ်ခေါင်မှာ ဒီလိုလုပ်ကြီး လုပ်ခိုင်းတာ မလုပ်သင့်ဘူးဆိုပြီး စိတ်ကွက်ခဲ့မယ်ဆိုရင် ကျောင်းသားတွေမှာ အပြစ်ရောက်ပါတယ်.. လူကြီးဖြစ်စေ ကျေးဇူးရှင်ဖြစ်စေ အမှားတစ်ခုကျူး လွန်မိလို့ ပြဿနာမရှိပေမယ့် ကျေးဇူးစားတွေမှာတော့ စိတ်ကအစ ဆင်ခြင်ရတာ ပင်ပန်းလှပါတယ်…

ပြောရမယ်ဆို ပြေတီဦးရဲ့ သရုပ်ဆောင်ကို ကြိုက်သလို အိန္ဒြာကျော်ဇင်ကိုလည်း သဘောကျခဲ့ဖူးပါတယ်.. ဒါပေမယ့် ပရဟိတဆိုတာ အတ္တဟိတနဲ့ လုံးဝဆန့်ကျင်ဖက်ပါ.. အတ္တဟိတဆိုတာ ကိုယ့်အတွက် လုပ်တာဆိုတော့ ပရဟိတမှာ သူများအတွက်ချည်းပဲ လုပ်ပေး၊ စဉ်းစားပေးရတာပါ… ဒီလိုအလုပ်မျိုးလုပ်တဲ့ အတွက် ကိုယ့်ကိုကိုယ်ဂုဏ်ယူ နေဖို့လည်း မလိုသလို၊ လူအများရှေ့မှာ မဏ္ဍပ်တိုင်တက်ပြ စရာလည်း မလိုပါဘူး.. အရေးကြီးတာ ကိုယ်ရဲ့ တစ်စုံတစ်ရာသော လုပ်ဆောင်ချက်ကြောင့် တစ်ပါးသူတွေ အဆင်ပြေဖို့ သာအဓိကပါ…. ဖောင်ဒေးရှင်းဆိုတာ ပျော်ဖို့ ရွှင်ဖို့ ဖွဲ့ထားတဲ့ Funny Group မဟုတ်ပါဘူး… အရေးကြီးတဲ့ လိုအပ်တဲ့နေရာတွေနဲ့၊ ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်တွေကိုပဲ ဦးတည် အကောင်အထည် ဖော်ရတာမျိုးပါ… ဒါကို ပဲ ရေလိုက်လွဲပြီး တလွဲဆံပင်ကောင်း နေကြဦးမယ် ဆိုရင်တော့ ဖြင့် နောက်လာမယ့် ဖောင်ဒေးရှင်းတွေ အလွဲတုယူမှားကြမှာ စိုးရိမ်ရပါတယ်…

၂၁ ရာစုမှာ ခေတ်စားတဲ့ စီးပွားရေးစကားနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့တွေအားလုံး Change လုပ်ကြဖို့လိုပါတယ်… Transparency (ပွင့်လင်းမြင်သာမှူ့) ရှိဖို့လည်း လိုပါတယ်…. ပျက်စီးမှူ့တွေများတဲ့ ဒီလိုခေတ်ကြီးနဲ့ ဆင်းရဲ၊ ချမ်းသာကွာခြားမှူ့များတဲ့ ခေတ်ကြီးမှာ NGO တွေ၊ ဖောင်ဒေးရှင်းတွေ များများရှိလာဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ရမှာပါ… တမင်တကာရည်ရွယ်လို့ မဟုတ်ပဲ နားလည်မှူ့လွဲမှားမှူ့ ကြောင့် အမြင်မတော်တာများ ရှိရင်လည်း တွေ့မြင်သူများက ပြောပြပေးဖို့နဲ့.. အပြောခံနိုင်စွမ်းရည် ပြည့်ဝဖို့ လိုအပ်ပါတယ်…

မည်သို့ပင်ဖြစ်စေ.. ကျွန်တော်ကတော့ ဒီလိုမျိုး ပရဟိတအဖွဲ့အစည်း တွေများလာတာကို ကြိုဆိုပါတယ်.. နည်းမှန်၊ လမ်းမှန်၊ အသုံးနဲ့ အဖြုန်းကိုနားလည်ပြီး အားနည်းသူများကို ခံစားနား လည်ပေးနိုင်တဲ့ ဖောင်ဒေးရှင်းကောင်းများ အဖွဲ့အစည်းကောင်းများ ထပ်မံပေါ်ထွက် လာပါစေလို့ ဆုတောင်းပေးတယ်ဗျာ.. ဘာလို့တုန်းဆို.. ကိုယ်မှ ကောင်းကောင်းမလုပ် နိုင်သေးတာကိုး.. အာချောင်ရုံပဲ တတ်နိုင်တာကိုးဗျာ… သို့သော် နေရာတိုင်းမှာတော့ အားလုံးနဲ့ တန်တဲ့ အဖိုးစားနားတစ်ခုရှိပါတယ်… ကိုယ်ရဲ့ တန်ဖိုးကို ကိုယ်သာဖြတ်ကြသည်..

(လွတ်လပ်သော ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့်ရှိသည်ဟု ယူဆသည်.. ယခုပို့စ်ကြောင့် အဆဲကွန်မန့်များ မမြင်ရဟု.. မြန်မာမြေဖွား သူငယ်ချင်းများကို ယုံကြည်သည်…)

ခံစားရေးသားသူ…॥ ကိုကိုးအိမ်(မန္တလေး)

Barcamp Mandalay (2012)

|

စာဖတ်သူများအားလုံးကို ကျွန်တော်ကိုကိုးအိမ်မှ ဝေမျှချင်တာကတော့ ဖေဖော်ဝါရီလ ၂၀၁၂ မှာ ကျင်းပပြုလုပ်မယ့် Barcamp Mandalay 2012 ပဲဖြစ်ပါတယ်.... အားလုံးစိတ်ဝင်စားမယ့် အကြောင်းလေး လည်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်...


ဒုတိယအကြိမ်မြောက် ဘားကဲ့မ့်ပ်မန္တလေးကို ၂၀၁၂ ဖေဖော်ဝါရီလ (၄)ရက်နဲ့ (၅) ရက်နေ့တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်॥ ShwePhyu Plaza ဒုတိယထပ် MCPA & MCIA အသင်းများတည်ရှိရာ အထပ်မှာ ပြုလုပ်မှာပါ။
Barcamp 2012 ပါ။ အခန်းပေါင်း အနည်းဆုံး (၈) ခန်းပါလိမ့်မယ်လို့လည်း သိရပါတယ်...။ ဘားကဲ့မ်ပ်ရဲ့ ထူးခြားတဲ့အနှစ်သာရ တွေကို တင်ပြချင်ပါတယ်။ ဘားကဲ့မ်ပ်ဆိုတာ Seminar လိုဟောပြောပွဲမျိုးမဟုတ်ပါ...။ ဘယ်သူတက်၊ ဘယ်သူနားထောင်၊ ဘယ်သူမလာရ ဆိုတာမျိုးမရှိသလို... ဖိတ်စာမလို လိပ်စာသာလို တဲ့ပွဲမျိုးဖြစ်လို့ စိတ်ဝင်စားသူ မည်သူမဆို တက်နိုင်တဲ့ ပွဲဖြစ်ပါတယ်... တက်ရောက်လာသူများထဲမှာ ပြောချင်ဆိုချင် ရှင်းလင်းပြသချင်သူတွေ ပါသလို နားထောင်သူ၊ လေ့လာသူ၊ မှတ်သားသူ၊ ဆွေးနွေးလိုသူတွေ အများအပြားရှိနေပါတယ်...။ အဲဒီလို ပြောသူနားထောင်သူတွေ အားရပါးရ တွေ့ဆုံနိုင်တာ ဘားကဲ့မ့်ပ်ပါ...။ အစီအစဉ်တကျ ကြိုတင်စီစဉ်ပြီး ဖိတ်ကြားတဲ့ ပွဲမျိုးမဟုတ်တဲ့အတွက် ပြောသူရော နားထောင်သူရောပါ လွတ်လပ်ပါတယ်....။ ပြောသူများအတွက် လိုက်နာရမယ့် အဓိကအချက်တစ်ခုထဲပဲရှိပါတယ်... အဲဒါကတော့ (ကိုယ်ပြောသမျှ ကိုယ့်တာဝန်) ဆိုတာပါပဲ...

ဘားကဲ့မ်ကိုလာ၊ အစီအစဉ်ကြေငြာထားတဲ့ သင်ပုန်းကိုကြည့်၊ အချိန်နဲ့အခန်းတွေရေးထားတဲ့ သင်ပုန်းပေါ်က လွတ်နေတဲ့ကွက်လပ်မှာ ကိုယ်ပြောချင်ပြချင် ဆွေးနွေးချင်တဲ့ အကြောင်းအရာကို ခေါင်းစဉ်လေးတစ်ခုပေးပြီး ကိုယ့်နာမည်နဲကတကွ ရေးကပ်လိုက်ရုံပါပဲ...။ အဲဒီကိစ္စတွေကို ကူညီပေးဖို့ ဘားကဲ့မ်ပ် စီစဉ်သူတွေနဲ့ စေတနာ့ ၀န်ထမ်းကူညီဝိုင်းဝန်းသူတွေက ကူညီပါလိမ့်မယ်....

သင်ပုန်းပေါ်က အစီအစဉ်အတိုင်း သတ်မှတ်အချိန် သတ်မှတ်အခန်းတွေမှာ မတူညီတဲ့ အကြောင်းအရာတွေကို တစ်ပြိုင်တည်း ဆွေးနွေးကျင်းပနေမှာဖြစ်ပြီး တက်ရောက်လာသူများကလည်း ကိုယ်စိတ်ဝင်စားတဲ့အကြောင်း ကို သက်ဆိုင်ရာအခန်းမှာ သွားနားထောင်ရုံ၊ ၀င်ဆွေးနွေးရုံပါပဲ... သတ်မှတ်ထာတဲ့အချိန် အကန့်အသတ်လေး တော့ရှိပါတယ်... ကိုယ်တင်ပြဆွေးနွေးချင်တဲ့ အကြောင်းအရာကို ကိုယ့်အတွက်ရတဲ့ သတ်မှတ်ချိန်အတွင်းမှာ အပြီးသတ်နိုင်ဖို့တော့ ကြိုတင်ပြင်ဆင်ခဲ့ရပါမယ်... ဟောပြောပွဲများမှာလို တစ်ယောက်ကပြော အများကနားထောင် ဆိုတာမျိုးမဟုတ်ပဲ... အပြန်အလှန်ဆွေးနွေး ကြရမှာဖြစ်ပါတယ်... သိချင်တာမေးလာရင် ဖြေနိုင်ဖို့အတွက် ကိုယ်ဆွေးနွေးရမယ့် အချိန်ကို ကိုယ်ကိုတိုင်ပဲ ကန့်သတ်ထားဖို့လိုပါမယ်... ဆွေးနွေးမယ့်အကြောင်းအရာ ခေါင်းစဉ်တွေများမှာမို့ ပြောသူနားထောင်သူ ၀င်ရောက်ဆွေနွေး ဖလှယ်သူတွေ အားလုံးအတွက် အကျိုးရှိမှာပါ...

ဘာကဲ့မ့်ပ်ကို စီစဉ်သူများဟာ ဆွေးနွေးပွဲများမှာ ၀င်ရောက်စွက်ဖက်မှာမဟုတ်ပဲ.... ဘာသာရပ်ပေါင်းစုံကို တစ်နေရာထဲမှာ စုစုစည်းစည်း မြည်းစမ်းခွင့်ရအောင် စီစဉ်ပေးတာသာဖြစ်ပါတယ်... ဘားကမ့်ပ် ဆိုတာ ကွန်ပျူတာနဲက အိုင်တီနည်းပညာတွေကိုသာ ဆွေးနွေးတာမဟုတ်တဲ့အတွက် ကိုယ်သန်ရာသန်ရာ စိတ်ဝင်စား စရာတွေကို နှီးနှောဖလှယ်ဆွေးနွေးနိုင်ပါတယ်...

ဘာကဲ့မ့်ပ်ရဲ့အနှစ်သာရက... လုပ်ရိုးလုပ်စဉ် ထုံးတမ်းစဉ်လာတွေနဲ့ ကင်းလွတ်ပါတယ်... နည်းပညာ၊ လူမှူ့ရေး၊ စီးပွားရေး၊ ပညာရေး၊ စီမံခန့်ခွဲရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်... စတဲ့ လူမှူ့ဝန်းကျင်ကို အကျိုးပြုတဲ့ နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို ပေါင်းကူးပေးတာဖြစ်ပါတယ်... နည်းပညာရှိပြီး စီးပွားရေးအကြောင်း သိချင်သူ၊ စီးပွားဖြစ်နေပြီး နည်းပညာပိုင်းမှာ အားနည်းသူစသူတွေကို တွေ့ဆုံပေါင်းကူးပေးတာပါ॥ ပကာသနမပါ... အဆောင်အယောင်မရှိတဲ့ ပွဲပါ... အဲဒီလို တွေ့ဆုံကြဖို့ ဘားကဲမ့်ပ်ဆိုတာ ဖြစ်လာတာပါ॥ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး॥ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အခွင့်အလမ်းပေါင်းများစွာကို တစ်နေရာ တည်းမှာ ရနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်ဟာ ဘားကဲ့မ့်ပ်တိုင်းရဲ့ တူညီသော ရည်ရွယ်ချက်ဖြစ်ပါတယ်...။

ကိုယ်သိချင်နေတာတွေ၊ ကိုယ်ပြောပြချင်နေတာတွေကို အချိန်တိုတိုနဲ့ တစ်နေရာတည်းမှာ စုစုစည်းစည်းရနိုင် တာမို့ ကမ္ဘာအရပ်ရပ်က ဘားကဲ့မ်ပ်အသီးသီးဟာ အောင်မြင်နေတာပါ... ဘားကဲ့မ်ပ်ကို လာရောက်ကြသူများ အတွက် ရလာနိုင်တဲ့ အကျိုးကတော့ ကိုယ့်စိတ်ကူး ကိုယ့်ပညာ ကိုယ့်အသိတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖြန့်ချိမယ်ဆိုရင် အချိန်နဲ့ငွေ ပိုကုန်ပါလိမ့်မယ်... အလားတူပါပဲ .... ရယူလိုသူများ အတွက်လည်း ကုန်ကျမှူ့တွေ ရှိပါတယ်... ဘားကဲ့မ်ပ်မှာ လာပြီး ဆွေနွေးဖလှယ်ခြင်းနဲ့ အဲဒီအချိန်တွေ ငွေတွေကို ခြွေတာနိုင်ပါတယ်... ပညာရပ်တစ်ခုကို ထဲထဲဝင်ဝင်လေ့လာထားတဲ့ ပညာရှင်များ အတော်များများ လာတက်ကြတဲ့အတွက် သိလိုသည်များကို လွတ်လပ်ပွင့်လင်းစွာ မေးမြန်းနိုင်သလို ကိုယ်သိထားတာနဲက မတူတာရှိရင်လဲ ပွင့်လင်းရင်းနှီးစွာ ဖလှယ်နိုင်ပါတယ်...

ဘားကဲ့မ်ပ်ကို လာသူတွေအနေနဲ့ ပြင်ဆင်ခဲ့ဖို့လိုတာကတော့ ကိုယ်က ဘာသိချင်တယ်ဆိုတာရယ်... ကိုယ်က ဘာကိုတင်ပြ ဆွေးနွေးချင်တယ် ဆိုတာရယ်ကို ပြင်ဆင်ခဲ့ဖို့ပါပဲ.... ဘားကဲ့မ်ပ်စင်မြင့်ဟာ ကိုယ့်ကို နယ်ပယ်တစ်ခုမှာ ထင်ပေါ်ကျော်ကြားသူတစ်ယောက် ဖြစ်သွားစေနိုင်ပါတယ်...

မေးပါများစကားရ ဆိုတဲ့စကားဟာ ဘားကဲ့မ်ပ်နဲ့ အသင့်လျော်ဆုံးပါပဲ... Barcamp Mandalay လို့ သညာပြု ခေါ်ဝေါ်ရတာကတော့ ကမ္ဘာ့ဘားကဲ့မ်ပ်တွေရဲ့ အစဉ်အလာတစ်ခုကို လိုက်နာလိုက်တာပါပဲ.... ကမ္ဘာ့ ဘားကဲ့မ်ပ်တိုင်းဟာ အဲဒီဘားကဲ့မ်ပ်ကျင်းပတဲ့ နေရာကို ထည့်သွင်းခေါ်ဝေါ်လေ့ရှိပါတယ်... ဒေသစွဲ၊ နေရာစွဲ စွဲတာမျိုးမဟုတ်ပါဘူး.... ဘားကဲ့မ်ပ်မန္တလေး ဟာအားလုံးကို ကြိုဆိုပါတယ်... ဘားကဲ့မ်ပ်မန္တလေး ရဲ့ အမှတ်တရ လက်ဆောင်များလည်း ပေးပါမယ်... ကြိုတင်စာရင်းသွင်းချင်တယ်ဆိုရင်တော့ http://barcampmandalay.org မှာစာရင်းသွင်းနိုင်ပါတယ်ဗျာ.... ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ၊ စိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ ဆွေးနွေးလိုတဲ့ အကြောင်းအရာများကိုလည်း ကြိုတင်ရေးသားဖြည့်သွင်း ထားနိုင်ပါတယ်ခင်ဗျာ...

အားလုံးကို ကိုကိုးအိမ်မှ အထူးကျေးဇူးတင်ရှိပါတယ်...

မျှဝေသူ... ကိုကိုးအိမ်(မန္တလေး) (7.1.2012)

နှင်းကိုမွေးတဲ့ဒီဇင်ဘာ (မွေးနေ့လက်ဆောင်)

|

ဒီဇင်ဘာဆိုတာ ကျွန်တော့်ဘ၀အတွက် အရေးပါဆုံးလတစ်လပါ... ကျွန်တော့်ကို မွေးဖွားသန့်စင်ခဲ့တဲ့ လတစ်လလည်း ဖြစ်သေးသည်လေ॥ အဲဒီအရေးပါတဲ့လမှာပဲ.... နောက်ထပ် ကျွန်တော်ချစ်ရ၊ခင်ရ၊ လေးစား ရတဲ့ အကိုကြီးတစ်ယောက်ရဲ့ မွေးနေ့လည်း ရှိသေးတယ်လေ... သူကတော့ ဒီဒီးတဲ့... ဘ၀အတွက် ရေခြား မြေခြားမှာ ဆေးပညာသင်ယူနေတဲ့ ကြိုးစားတဲ့ အကိုကြီးတစ်ယောက်ပါ.... သူ့မွေးနေ့က (၂၆।၁၂।၂၀၁၁) မှာ ၂၄နှစ်ပြည့်ပါပြီ... သူ့ရဲ့ မွေးနေ့လေးမှာ ကျွန်တော့်ရဲ့ ချစ်စွာသော ဘလော့ဂါအပေါင်းအသင်း များနဲ့ မွေးနေ့ပွဲလေးတစ်ခု ကျင်းပပေးချင်ပါတယ်... ဒါက ရပ်ဝေးကိုရောက်နေတဲ့ သူ့အတွက် ကျွန်တော် အကောင်းဆုံးလုပ်ပေးနိုင်သော မွေးနေ့ပွဲလေးပါ..... ယနေ့မှစ၍ ကိုဒီးတစ်ယောက် ပျော်ရွှင်ခြင်းအပေါင်း ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ.... တစ်ခါတည်းဖိတ်လိုက်ပါတယ်॥ (၃၁।၁၂।၂၀၁၁)မှာလည်း မွေးနေ့တစ်ပွဲရှိပါတယ်॥ လာရောက်အားပေးကြပါဦးနော်...


ဒီဇင်ဘာ
သူမရဲ့ လက်တွေနဲ့
အေးစက်တဲ့ နှင်းမှုန်တွေကို
ကိုင်ဆုပ်လို့ လူသားတစ်ယောက်ကို ဖန်ဆင်း
ငါတို့မြေကို နင်းစေခဲ့တယ်.....

ဒီဇင်ဘာ
ရွက်ကြွေတောထဲမှာ တောင်လေတရှိုက်ကို
မက်မောစွာရှူရှိုက်လို့
လယ်ကန်သင်းရိုးတွေနောက်
တကောက်ကောက် ပြေးလိုက်ခဲ့မိပေါ့
ထင်းရူးနံ့လည်း သင်းပျံ့စွာ.....

ဒီဇင်ဘာ
အေးစက်စက်နှင်းမှုန်တွေအောက်မှာ
လမ်းတစ်ခုကိုဖောက် ဘ၀တစ်ခုကို
မြေတောင်မြှောက်ပေးခဲ့ပေါ့....
ကျေးဇူးပါ ဒီဇင်ဘာ....


ဒီဇင်ဘာ
အေးချမ်းတဲ့ တောင်လမ်းတလျှောက်
မီးခိုးမှိုင်းမှိုင်း အရိုးပြိုင်းပြိုင်းအပင်တွေနဲ့
ဆီးနှင်းတွေ ဖမ်းဆုပ်ရင်း
မရေရာတဲ့ဘ၀အတွက်
အတွေးတွေ နယ်ချဲ့ခဲ့မိတယ်....

ဒီဇင်ဘာ
လွမ်းပေမယ့်မလွမ်းရက်ပါ
ရှည်လျားတဲ့ဆောင်းညတွေမှာ
ငါတစ်ယောက်တည်း အထီးကျန်ဖြတ်သန်းဆဲပါ.....

ဒီဇင်ဘာ
အထီးကျန်ငါ့ဘ၀မှာ လမ်းပြပေးမယ့်
ကြယ်တစ်စင်းလောက်များရှိရင်
အေးစက်စက်ငါ့ရင်ခွင်ကို
ကြယ်ရောင်နဲ့ဖမ်းစားခွင့်ပြုပါ....




ဒီဇင်ဘာ
ငါ့ကိုမွေးတဲ့နင်
ငါ့လက်ကိုဆွဲလို့ အချစ်တစ်ခုကို
ရက်စက်စွာ လက်ဆောင်ပေးနိုင်ပါတယ်.....


ဒီဇင်ဘာ
မွေးမြတဲ့ တောင်ဇလပ်တွေပွင့်ချိန်
နေကြာရိုင်းတို့ အစွမ်းကုန် ကြွားဝံ့ချိန်မှာ
ချယ်ရီတစ်ပွင့်နဲ့အတူ အချစ်ကို မြည်းစမ်းခွင့်ပြုပါ.....


ဒီဇင်ဘာ
ဝိုင်ချိုချိုတွေမလိုအပ်ပါ
နွေးထွေးတဲ့လက်တစ်စုံနဲ့ အေးစက်စက်မြူနှင်းတွေကို
ငါ့ရင်ခွင်ထဲ အပြည့်သွတ်သွင်းပေးပါ
စောင့်စားလျက်ပါ ဒီဇင်ဘာ......


ဒီဇင်ဘာ
ငါ့ရဲ့အောင်လံ ငါ့အတွက်မဟုတ်
မင်းရဲ့ မြူနှင်းတွေလည်း မင်းအတွက်မဟုတ်
သာယာချိုမြိန်တဲ့ နေ့ရက်တွေမှာ
ချစ်သူရဲ့ လက်တစ်စုံကို ကိုင်စွဲကာ
အချစ်ကိုဂုဏ်ပြုဖို့သာ...


ဒီဇင်ဘာ
ကြမ်းရှတဲ့ငါ့ရဲ့ဘ၀ထဲမှာ
ထိရှလွယ်တဲ့ နှလုံးသားတစ်စုံကို
လက်ဆောင်ပေးခဲ့တာမင်းလား
ငါချစ်တဲ့ဆီးနှင်းတွေနဲ့အတူ
ငါ့နှလုံးသားကို နူးညံ့စွာ သိမ်းယူဆန်းသစ်ပါတော့....


ဒီဇင်ဘာ
မင်းရဲ့ ကြည်နူးဖွယ်ကောင်းတဲ့
လက်အစုံကိုဖမ်းဆွဲလို့
အေးချမ်းစွာအိပ်စက်တော့မယ်
ငါ့ဘ၀အတွက် ဘာမှမလိုတော့ပါ
အချစ်တစ်ခုသာ လက်ဆောင်ပေးပါ ဒီဇင်ဘာ...


ခံစားချက်တွေ နင့်သီးစွာခံစားခဲ့ဖူးတဲ့ ကိုဒီး.... ရိုးသားစွာ ရင်ဖွင့်ပြောပြတတ်တဲ့ ကိုဒီး..... ကိုဒီးရဲ့ မွေးနေ့အတွက် ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်လေးကို ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ॥ ဓာတ်ပုံတွေကတော့ ကိုဒီးတင်ပြီးသားပုံတွေ မတင်ချင်တာနဲ့ ကြုံတုန်းရိုက်လိုက်တဲ့ လွတ်လပ်ပေါ့ပါးတဲ့ ပုံနှစ်ပုံ ရယ်... တစ်ခုသောညမှာ ကိုဒီးစိတ်ကူးပေါက် တဲ့ချိန်ရိုက်ထားတဲ့ မိနစ်ဝက်ကြာ တင်လိုက်တဲ့ ပုံလေးကို ကိုဒီးမဖျက်ခင်လေးမှာ အမှီဒေါင်းလုပ်ဆွဲထားတဲ့ အိကျီင်္အနီနဲ့ပုံလေးကိုပါ တွဲတင်ပေးလိုက်ပါတယ်... မွေးနေ့ ကဒ်လေးနဲ့အတူ လာရောက်ကြသော သူငယ်ချင်းများအတွက် မစားရ၀ခမန်း ကိတ်မုန့်ကြီးကိုလည်း တင်ပေး လိုက်ပါတယ်ခင်ဗျာ॥ ကျေနပ်နိုင်ကြပါစေ........


ကျွန်တော့်စိတ်ထဲမှာ ဒီကဗျာကိုရေးရင်း ရင်တွင်းခံစားချက် တစ်ခုကို နက်နဲစွာ ခံစားလာရလို့ မရပ်မနားရေးလိုက်မိတာ တော်တော် ရှည်သွားမယ်ထင်ပါတယ်॥ သို့တစေ ကျွန်တော်လေးစားရသော အကိုကြီးအတွက် ကျွန်တော့်ရင်ထဲက စကားလုံးတစ်ချို့ကို စာဖတ်သူများက စိတ်ကြိုက်တွေ့တဲ့ ကဗျာအဖြစ် တစ်စုံတရာသော နှလုံးသားဖြင့် ခံစားလိုက်နိုင်မယ် ဆိုရင် စာရေးသူ ကျွန်တော့်မှာ အတိုင်းမသိဝမ်းသာ မိမည်အမှန်ပါ.... သူငယ်ချင်း အပေါင်းအသင်း ရှားပါးခဲ့တဲ့ ကျွန်တော့်ဘ၀မှာ တိုင်းတပါး ကနေ ငွေကုန်ကျေးကျခံကာ ဂရုတစိုက် ဖုန်းလှမ်းဆက်ပြီး စကားပြောပေးခဲ့တဲ့ အကိုကြီး ကိုဒီးကို လည်း ကျေးဇူးအထူး တင်ပါတယ်...



စာရေးသူ... ကိုကိုးအိမ်(မန္တလေး)
(၂၅।၁၂।၂၀၁၁) ခရစ်စမတ်နေ့မှာ ရေးလို့ပြီးစီးပါတယ်....

ဒီဇင်ဘာရင်ခုန်သံနဲ့ နှစ်ကူးအိပ်မက် (မနမ်းမ၀တဂ်ပို့စ်)

|

♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။

ပျော်သသော်ကောဗျာ… မပျော်ရှိပါရိုးလား.. ဒီဇင်ဘာမွေး…. ကိုကိုးအိမ်က ဒီဇင်ဘာမှာ ကျင်းပတဲ့ ပွဲတိုင်းကို ချစ်တာပေါ့ဗျာ.. ခရစ်စမတ်ရောက်ခါနီးရင် စိတ်ကူးယဉ်ဆန်ပုံများ ဆိုင်တွေကိုလိုက်ကြည့် ဘယ်ဆိုင်က ဘယ်လိုမျိုး ခရစ်စမတ်ကို ကြိုကြတယ်.. ဘယ်ပုံလေး အလှဆင်ကြတယ်ဆိုတာကို လိုက်ကြည့်ပြီး ရင်ခုန်နေတတ်တာမျိုးလေ…. ဗုဒ္ဓဘာသာဆိုပေ မယ့် ခရစ်ယာန်သူငယ်ချင်းတွေ ဘုရားသီချင်းဆိုရင်လည်း ရောယောင်ပြီး အော်ဟစ်နေတတ်တယ်လေ… အဲလောက်ထိ ဒီဇင်ဘာနဲ့ ခရစ်မတ်ကို ရူးသွပ်ပါတယ်ဗျာ..

♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။


အဲလိုတော့ အလှမဆင်ဖြစ်ဘူးဗျ.. ကျွန်တော်က အိမ်မှာနေတဲ့သူလည်း မဟုတ်တာလည်း ပါတာပေါ့.. ဒါပေမယ့် နေ့စွဲတွေက ဒီဇင်ဘာကို အခြေချလာပြီ ဆိုရင် ကျွန်တော်ဝယ်သမျှ ကီးချိန်းလေးတွေကအစ စန်တာကလော့နဲ့ ခရစ်စမတ်သစ်ပင် လေးတွေ ပါတဲ့ ပစ္စည်းလေးတွေဖြစ်နေတတ်တယ်…

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။

လည်ချင်လိုက်တာမှ မွှတ်မွှတ်ကိုလည်နေတာပဲဗျာ… ဒီလိုရာသီဆိုရင် ကျွန်တော်အနေချင် ဆုံးက နှင်းတွေ ဖွေးဖွေးလှုပ်နေတဲ့ ထင်းရူးနံ့သင်းသင်းလေးနဲ့ လေတဟူးဟူးကြားမှာ မွေးနေ့ ပွဲလေးကျင်းပချင်ခဲ့တာပေါ့…. ရွေးချယ်ခွင့်များ ရှိမယ်ဆိုရင်ဖြင့် နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ အလှဆုံးခရစ်စမတ်၊ အပီသဆုံး ခရစ်စမတ်ကို ဖြတ်သန်းချင်ပါတယ်..


♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။

ခရစ်စမတ်ပိတ်ရက်ကို ရာသီဥတုလှပတဲ့ ကိုယ်မရောက်ဖူးသေးတဲ့ နိုင်ငံတွေနဲ့ နေရာတွေ ကိုလည်ပတ်ရင်း ဖြတ်သန်းချင်ပါတယ်… ခရီးကထွက်ချင်ပေမယ့်.. ဒီအချိန်ဆို လက်ထဲမှာ ခရီးထွက်ရလောက်အောင် ပိုက်ပိုက်က မလုံလောက်တဲ့ အချိန်လည်းဖြစ်.. ပရိုမိုးရှင်းတွေ များလွန်းတဲ့ရာသီမို့ ပရိုမိုးရှင်းစာမိတာလည်း ရှိလေတော့ ခရီးထွက်ချင်သော်လည်း မထွက်ဖြစ်ခဲ့တာများပါတယ်ဗျာ..


♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။

ဟီးဒါကတော့ ပြောရမယ်ဆို ရယ်ချင်စရာ မောချင်စရာလေးခင်ဗျ.. အကြောင်းက ကျွန်တော် ခရစ်စမတ်လက်ဆောင်ဆိုရင် ဂျယ်လီတုံးလက်ဆောင်ထုပ် လေးတွေနဲ့ ချိုချဉ်လေးတွေက လွဲရင် ဘာမှ ထူးထူးထွေထွေ မပေးဖူးခဲ့ဘူး…. လက်ဆောင်ထူးထူး ဆန်းဆန်းလေးတော့ ပေးခဲ့ဖူးတယ်.. အဲဒါကိုအောက်ကပ်ရပ်က မေးခွန်းထဲမှာ ဖြေထည့်လိုက်ပါတယ်ဗျာ..


♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။

အမှတ်တရက.. ကျွန်တော် ၂၀၀၉ ခရစ်စမတ်တုန်းက နောက်ဆုံးနှစ်ဥပဒေ ဖြေထားချိန်လည်း ဖြစ်လေတော့ စိတ်က မြူးဖျစွာပဲ အနီရောင် စန်တာကလော့ ၀တ်စုံကြီးဝတ်.. နှုတ်ခမ်းမွှေး ဖြူလျားလျားကြီး တပ်ပြီး.. စင်တာတွေလိုက်ပတ်တာဗျာ.. အိတ်ထဲမှာ ပါတာကတော့ ချိုချဉ်တွေနဲ့ ဂျယ်လီတွေချည်းပါပဲ.. အဲဒီမှာ ကျွန်တော်နဲ့ ရင်းနှီးဖူးတဲ့ သူတွေလာရင်ပေးဖို့ ခရစ်စမတ်ကတ်လှလှ လေးတစ်ခု ထည့်လာခဲ့တယ်ဗျ… ရင်တခုန်ခုန် .. မျှော်တလင့်လင့်ပေါ့.. အဲဒီမှာ ပထမဆုံး စတွေ့တာက ကျွန်တော်နေတဲ့ ရပ်ကွက်ထဲက အ၀တ်လျှော်တဲ့ ဘွားတော်က သူ့သားလေး လက်ဆွဲပြီး စင်တာထဲဝင်လာပါတယ်.. အဲဒီမှာ သူကျွန်တော့်ကို မြင်တော့ ထူးဆန်းပြီး သူ့သားလေးကို ပြနေတာ တွေ့လိုက်ပါတယ်.. သူ့သားလေးက တစ်ခုခုပြောလိုက်တော့ ကျွန်တော့်ဆီခေါ်လာပါတယ်..အဲတော့ ကျွန်တော်လည်း စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း ကတ်လေး သူ့ဆီပေးလိုက်ရပါတယ်.. အဲ.. သူလည်း ထွက်သွားပြီး မကြာပါဘူး.. ကျွန်တော့်ရဲ့ သုံးနှစ်တာ အချစ်ဟောင်းလေး ကို လှမ်းတွေ့လိုက် ပါတယ်.. သူ့လည်း တွေ့လိုက်ရော… ကျွန်တော့်မှာ ဘွားတော်ကိုပေးလိုက်သော ကတ်လေးကို သတိရပြီး တစ်ခုသောခရစ်စမတ်မှာ မိန်းမကြီးတစ်ယောက်ကို ကျိန်ဆဲလိုက်မိပါတယ်.. (အမှတ်တရလေးပေါ့.. ဟားဟား)


♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။

အဲဒါကတော့ အတ္တကြီးတယ်ပဲဆိုဆို.. တကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော ခံရမှာပါပဲ.. ကျွန်တော်ကတော့ ကျွန်တော့်အသက်နဲ့ထပ်တူချစ်ရမယ့်သူ တစ်ယောက်နဲ့ပဲ အတူရှိချင်ပါတယ်.. အေးစက်တဲ့ ဒီဇင်ဘာညမှာ အသည်းခိုက်အောင်ချမ်းလှတဲ့ နှင်းစက်တွေနဲ့အတူ မီးပုံဘေးမှာ အချစ်ဆုံးသူကို ရင်ခွင်ထဲထားပြီး ဘာဘီကျူးကို နှစ်ယောက်အတူစား ချစ်စကားလေးတွေပြောရရင် သိပ်ကောင်းမှာပဲလို့လည်း နှစ်တိုင်းတွေးမိပါတယ်…. သို့သော် ကျွန်တော့်ရဲ့ ဒီဇင်ဘာခရစ်စမတ်ညတွေဟာ အထီးကျန်စွာပဲ ကုန်လွန်သွားရလေ့ ရှိပါတယ်..


♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။

ကောင့်ဒေါင်းလုပ်မယ်ကြံတိုင်း တစ်ယောက်တည်းဆိုတော့ အူကြောင်ကြောင် နိုင်တာနဲ့ ကောင့်ဒေါင်းကို တစ်ခါမှ မလုပ်ဖြစ်ခဲ့ပါဘူး.. တွေးမိတိုင်း ပြုံးမိတဲ့ အမှတ်တရလေး တစ်ခု ရှိပါတယ်.. ကျွန်တော် ၂၀၁၀ နှစ်ကူးမှာ သူငယ်ချင်းအိမ်သွား အိပ်ဖြစ်ပါတယ်.. ကောင့်ဒေါင်း လည်းမလုပ်နိုင်ဘဲ မွေးနေ့အတွက်ပင်ပန်း ထားတာတွေနဲ့ မနက် ၇နာရီထိုးလောက်မှ နိုးပါတယ်… အဲဒီအချိန်မှာ အိမ်ပြင်ထွက်လိုက် တော့ ၁၀ နှစ်အရွယ်ကလေးတစ်ယောက်က ဟက်ပီးနယူးရီးယားလို့ ထအော်ပါတယ်.. ကျွန်တော့် မျက်လုံးတွေတောင် ကျယ်သွား သလိုပါပဲ.. ဒါနဲ့. ဟဲ့ကလေး ညကမအော်ဘဲ ခုမှ ဘာလို့ အော်ရသတုန်း လို့မေးတော့ သူကညကအော်မလို့.. အိပ်ပျော်သွားတော့ ခုမနက် ၇ နာရီမှ ထအော်ရတာတဲ့ဗျာ…. ကျွန်တော့်မှာ ရယ်မိတာ မျက်ရည်တောင် ထွက်ပါတယ်… အဲဒါကတော့ ကောင့်ဒေါင်း အမှတ်တရပေါ့.. ဟားဟား


♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။

ရှိပါတယ်ဗျာ.. ကျွန်တော်ငယ်ငယ်တည်းက အိပ်မက်မက်ထားတာက နှစ်သစ်ကူးချိန် ကျွန်တော့်မွေးနေ့နဲ့လည်း ထပ်တူကျတဲ့ ဒီဇင်ဘာနှစ်ကုန်မျိုးမှာဆိုရင် ရာသီဥတု အကြိုက်ဆုံးနဲ့ အလှဆုံးလို့ ကျွန်တော်ခံယူထားတဲ့ ဆွစ်ဇာလန် နိုင်ငံမှာ သွားနေချင်တာပါ.. ကျွန်တော် အကယ်၍များ နှစ်သစ်ကို သွားလည်ဖို့ တစ်နေရာကို ရွေးပါဆိုရင် သေချာပေါက် ဆွစ်ဇာလန်ကို ရွေးမိမှာပါ.. သူ့ရဲ့ ရာသီဥတုနဲ့ ရေမြေတွေ လှပတာကို အရမ်းချစ်ပါတယ်.. အလည်အပတ်အစီအစဉ်ကတော့ ခုချိန်ထိမရှိသေးပါ… ဒီနှစ် နယူးရီးယားနဲ့ မွေးနေ့ကိုတော့ မန်းတလေးမှာပဲ အားလုံး လုပ်သွားမှာပါ.. လာနိုင်သူများလည်း လာခဲ့ကြပါခင်ဗျာ..


♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။

အဲဒီလိုမျိုးတော့ အကောင်အထည်မဖော်တတ်ဘူးခင်ဗျ.. ဘာလို့လည်းဆိုတော့ ကျွန်တော် သတ်မှတ်ထားတာက နှစ်သစ်ကူးသွားတယ်ဆိုပေမယ့် သူလည်း ပြက္ခဒိန်ထဲက ရက်စွဲ တစ်ခုပဲလေ.. အဲတော့ ကျွန်တော်တို့ နေ့စဉ်ကြိုးစားရမယ့်အတိုင်းပဲ ကြိုးစားသွားရုံပါပဲ… ထူးပြီးလည်း လုပ်စရာမလိုသလို ဘာမှမလုပ်ဘဲ ထိုင်နေဖို့လည်း မလိုအပ်ပါဘူး.. အကောင်အထည် ဖော်ချင်သပ ဆိုရင်တော့ အလုပ်သစ်စလုပ်မယ်ဆိုရင် ၁ရက်၊၁လ ဆိုတော့ ထိပ်ဆုံးဂဏန်းတွေချည်းပဲဆို လာဘ်ကီးကောင်းတယ်လို့ သတ်မှတ်လို့ရပါတယ်..


♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။

မလွမ်းမောပါ.. အလွမ်းဟာ ကျွန်တော့်ကို အားယုတ်စေပါတယ်.. နှစ်တစ်နှစ်ကုန်သွားတာ နဲ့အညီ ကျွန်တော့်အသက်ဟာလည်း နှစ်နဲ့ထပ်တူကြီးလာပါတယ်… နှမျောမိတာမျိုး လည်းမရှိသလို တစ်နှစ်ကြီးလာတာနဲ့ ထပ်တူ အသက်နဲ့ လိုက်အောင် ကျွန်တော် ရင့်ကျက် ဖို့ကြိုးစားမိပါတယ်.. အသက်ကြီးလာခြင်းဟာ အိုမင်းခြင်းလို့ မယူဆသလို တစ်နှစ်စာ ပိုပြီး လူရာဝင်လာတယ်လို့ထင်ပါတယ်… မယုံရင် ကလေးတွေကို မေးကြည့်ပါ.. ဟဲဟဲ (သို့သော်. .. ကျွန်တော် အခါများစွာမှာ ကလေးဆန်ဆဲပါ)


♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။.....................တဲ့

ဟီး.. အဲလိုတော့ ပို့စ်စကဒ်တွေ အီးကတ်တွေ မပေးဖြစ်ဘူးဗျ.. သို့သော် ကျွန်တော်က တော့ နှစ်စဉ် အဲဒါမျိုးတွေကို မြောက်မြားစွာ လက်ခံရတတ်ပါတယ်…. ခင်မင်စွာဖြင့်၊ လေးစားစွာဖြင့်၊ စိတ်ထဲကမပါသော်လည်း လူမှူ့ရေးအရ၊ ချစ်မြတ်နိုးစွာဖြင့် အစရှိသဖြင့် အကြောင်းအရာပေါင်းစုံနဲ့ မွေးနေ့လက်ဆောင်နဲ့နှစ်သစ်လက်ဆောင် တစ်ပေါင်းတည်း ပေးကြသော ကတ်လေးတွေများစွာ ရရှိတတ်ပါတယ်။… သို့အတွက် ပေးပို့ကြသော သူငယ်ချင်းများ၊ မိတ်ဆွေများ၊ အားလုံးကို ကျေးဇူးတင်ပါတယ်.. ကျွန်တော်ကတော့ ချစ်ခင် ရင်းနှီးသော မိတ်ဆွေများကို ဖုန်းဖြင့်ဖြစ်စေ၊ မက်ဆေ့ခ်ျပို့၍ဖြစ်စေ၊ နှုတ်ခွန်းဆက်တတ် ပါတယ်ခင်ဗျာ..
ကဲ.. ဒီလောက်ဆိုရင်ဖြင့် တဂ်မမကြီး မနမ်းမ၀ (အဖြူရောင် နတ်သမီး) တစ်ယောက် ကျေနပ်လောက်မယ်လို့ ထင်ပါတယ်.. ဒီပို့စ်လေးကို တွေ့တော့ အရမ်းရေးချင်စိတ် ပေါ်လာပါတယ်.. ရင်ထဲမှာ ပြောစရာတွေလည်း အများကြီးရှိတာကိုးဗျာ.. နောက်ထပ် မေးခွန်းတွေ ရှိဦးမယ်ဆို လည်း ရင်ထဲက ထွက်လာနေဦးမှာပါပဲ. .. အဲဒီလို ရင်ဖွင့်ခွင့်ရတဲ့ အတွက်လည်း မနမ်းမ၀ (ခ) မကလိုရီ အပျိုကြီးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ.. ဟဲဟဲ..

ဒီဇင်ဘာမွေးတစ်ယောက်အနေနဲ့ ဒီဇင်ဘာကို ချစ်ကြောင်းပြောရမယ်ဆိုလည်း ပြော၍ ကုန်နိုင်ဖွယ်မထင်ပါခင်ဗျာ॥ ပြော၍မကုန် ရေး၍မညောင်းနိုင်အောင်ပဲပေါ့.. ကျွန်တော် ခုတလော တော်တော်ကြီးကိုပျောက်နေ ပါတယ်.. အလုပ်ကြောင့်ပဲ.. ဖေ့စ်ဘုတ်လေး သာဖွင့်နိုင်ပြီး စာလည်းမရေးနိုင်.. ဘလော့လည်း မလည်နိုင်… ကော်နက်ရှင်ကြောင့် ကွန်မန့်တွေလည်း မပေးနိုင်ဖြစ်နေရရှာပါတယ်ဗျာ.. ခုတော့ အိပ်နေတဲ့ သံလိုက် မောင်ကိုကိုးအိမ်တစ်ယောက် မနမ်းမ၀ရဲ့ တဂ်ပို့စ်ပဲစေ့လေးနဲ့ လာနှိုးတော့မှ အိပ်မှုန်စုံမွှား ဖြင့် အတက်စာ စားလိုက်မိသကာလ.. မရေးတာကြာတဲ့ ကိုရွှေလက်က ရပ်၍တောင် မရလေသောကြောင့် သို့ကလောက် စာရှည်သွားရခြင်း ဖြစ်ပေတကား…

ခွင့်လွှတ်ကြပါကုန်အံ့..

စာရေးသူ…। ကိုကိုးအိမ်(မန္တလေး)

ပန်းချင်လည်းပန်းပါစေ (မင်းနဲ့မနီးနိုင်ခဲ့ရင်)

|

ချစ်သူရေ… မနီးနိုင်မှန်းသိလျက်နဲ့ ကိုယ်မင်းကို ချစ်ခဲ့တာ အပြစ်တစ်ခုလား….

အမြဲတမ်း ပြုံးနေတတ်တဲ့ ချစ်သူ…. စကားလုံးလှလှ လေးတွေရဲ့ အထိမ်းအမှတ် ချစ်သူ…. ၀ိုင်းစက်လှပတဲ့ မျက်နှာ…. ပါးလွှာတဲ့ နှုတ်ခမ်းနှစ်လွှာမှာ မထင်မှတ်ဘဲ ကျဆုံးခဲ့မိတယ်… ဒါဟာ အိပ်မက်တစ်ခုဆိုရင်တော့ မနိုးထချင်တဲ့ အိပ်မက်တစ်ခုပေါ့…

ဝေးကွာရမယ့် အငွေ့အသက်တွေ ခံစားမိခဲ့တာ မင်းကိုမြင်လိုက်ရတဲ့ တခဏအချိန်ကလေး ကတည်းကပါပဲ….

မထင်မှတ်ဘဲ တွေ့ခဲ့ကြတဲ့ ကိုယ်တို့နှစ်ယောက် ရဲ့တွေ့ဆုံမှူ့မှာ အမှတ်မထင် ချစ်ခဲ့မိတာ ကိုယ့်ဘ၀ရဲ့ အလေးနက်ဆုံး ခံစားချက်တစ်ခုပါ….

အချစ်ဦးလို့ မသတ်မှတ်ခဲ့ပေမယ့် ချစ်သူဆီမှာပဲ အချစ်တွေ ဆုံးခဲ့ပါပြီ….

ရင်နင့်ရတယ် ချစ်သူရယ်.. ခံစားချက်တွေ နင့်သီးစွာနဲ့ ခွဲခွာရမယ့်တစ်နေ့ကို စောင့်နေရတဲ့ ကိုယ့်ရင်မှာ ကြိုးမိန့်ကျခံထားရတဲ့ လူတစ်ယောက်လိုပါပဲ….

ချစ်သူရဲ့ နှုတ်ဖျားထက်က အခြားတစ်ယောက်ရဲ့ နာမတစ်ခုကို ကြားလိုက်ရတိုင်း ကိုယ့်နှလုံး သားတွေ အေးစက်ခါးသက် သွားတတ်ခဲ့ပါတယ် ချစ်သူရယ်….

ချိုမြိန်စွာ ရွတ်ဆိုတတ်တဲ့ နာမတစ်ခုမှာ ကိုယ့်အသည်းတွေ ပျက်ကြွေပြုန်းခဲ့ရတာ ချစ်သူသိနိုင်ပါ့မလား…

မခံစားတတ်ခဲ့သူ ကိုယ့်နှလုံးသားကို ချစ်ခြင်းများစွာနဲ့ မွမ်းမံခဲ့တာ ချစ်သူပိုင်ဆိုင်တဲ့ ပညာရပ်တစ်ခု ဆိုရင်တော့ ကိုယ်ထာဝရ လေးစားလျက်ပါ….

ချစ်သူရဲ့ စကားတစ်ခွန်း ကြားလိုက်ရတိုင်း နစ်မွန်းစွာပျော်ဝင် တတ်ခဲ့တာ အချစ်ဆုံးသူ သိနိုင်မယ်မထင်ပါ…

ကျိန်စာသင့်ခဲ့တဲ့ ကိုယ့်ရဲ့ချစ်ခြင်းတစ်ခုကို တသက်တာ ကြေကွဲရမှူ့တွေ အဖြစ်ကိုယ်ခံစား နိုင်ဖို့ပြင်ဆင် ရဦးမယ်ကွယ်….

ဆုတောင်းမှားခဲ့ကြသူ ကိုယ်တို့အတွက် ခဏတာတော့ နီးခွင့်ရှိဦးမယ် ထင်ပါတယ်…

တစ်ခဏတာ တွေ့ဆုံမှူ့ဟာ တစ်သက်စာ အမှတ်တရတွေ အဖြစ် တွေဆုံချိန်ခဏ လေးမှာတော့ ဖန်တီးခွင့်ပေးပါ…..

ကိုယ့်ရဲ့ နံက်ခင်းတိုင်းဟာ ရနံ့သင်းတဲ့ နံက်ခင်းတွေ မဖြစ်နိုင်တော့ပေမယ့်… အထီးကျန်စွာ တော့မနိုးထချင်ခဲ့ပါ…

တစ်ချိန်က အမှတ်တရတစ်ခုကို ကိုင်စွဲရင်း ကိုယ့်ရဲ့နောက်ဆုံး ထွက်သက်အထိ လွမ်းဆွတ်ခွင့် ပေးပါ….

သိပံဆန်တဲ့ ပညာရပ်တွေကို အနုပညာမြောက်စွာ ဖန်တီးတတ်တဲ့ ချစ်သူ.. ကိုယ့်ရဲ့ သင်္ချာဆန်တဲ့ နှလုံးသားကို အနုပညာမြောက်စွာ သိမ်းယူဆန်းသစ်ပါတော့….

မွန်းကျပ်လွန်းလှတဲ့ ကိုယ့်ရဲ့ နှလုံးသား အခန်းတွေကို ခမ်းနားတဲ့ ချစ်ခြင်းတွေနဲ့ ပြတင်းပေါက်တွေ တပ်ပေးပါ….

ငံ့သက်စွာ ပြေးလွှားနေတဲ့ နှလုံးသားတစ်စုံကို ချစ်သူရဲ့ ရင်ခွင်မှာ ထာဝရ ခိုလှုံစီးဆင်းခွင့် ပြုပါ…

ချစ်သူရဲ့ နူးညံ့တဲ့ အထိအတွေ့ကို ခံစားလိုက်ရတိုင်း အသက်ရှူရပ်မတတ် ခံစားခဲ့ရတာ ရင်နဲ့အမျှပါပဲ…

ချစ်သူရဲ့ ဥပက္ခာပြုမှူ့ဟာ ကိုယ့်ဘ၀အတွက်တော့ ခါးသက်စွာ ကျိန်စာသင့်ခြင်းပါပဲ….

ချစ်ခြင်းတစ်ခုကို ကိုယ့်ရင်မှာ ထိုးစိုက်လိုက်မိတဲ့ အတွက်ပြန်နှုတ်ယူလို့ မရတော့တဲ့ အနေမှာ ကိုယ့်နှလုံးသားမှာလဲ သေရာပါဒဏ်ရာ ခပ်ပြင်းပြင်း တစ်ခုကို ကျေနပ်စွာနဲ့ လက်ခံလိုက် ရပါတယ်…

ကိုယ်ဟာ ရုပ်ကြွင်းတစ်ခုသာဆို ဘူမိဗေဒပညာရှင်ရဲ့ လက်ထဲမှာ ကိုယ့်နှစ်လုံးသားဟာ ချစ်သူအတွက် တလှပ်လှပ်ခုန်နေမှာပါ…

ဒါပေမယ့်ချစ်သူရယ်.. လွတ်မြောက်ခွင့် ရမှ ချစ်သူဘ၀ နေပျော်မယ်ဆို ကိုယ့်နှလုံးသားကို စတေးလို့ ချစ်သူသွားမယ့် အရပ်ဆီ ကိုယ့်ရင်ကို နင်းခံလို့ အရောက်လိုက်ပို့ပေးမယ် ချစ်သူ….

တွယ်ရာမဲ့ ကိုယ့်ဘ၀မှာ ချစ်ခဲ့ဖူးတဲ့ အမှတ်တရ တစ်ခုကို ကိုင်စွဲရင်း ကြေကွဲစွာ ဖြတ်သန်းတော့မယ်…

ပန်းချင်လဲပန်းပါစေ……..

ခံစားရေးသားသူ- ကိုကိုးအိမ်(မန္တလေး)

(၂၈।၁၀।၂၀၁၁)

www.kokoeaimmdy.info

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB